ယောဂကျင့်ခြင်း၏ အကျိုးကျေးဇူးများ
ရောဂါတွေ ပေါများလှတဲ့ ခေတ်ကာလကြီးမှာ ကျန်းမာနုပျို ရောဂါကင်းချင်ရင် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖို့ကလည်း အရေးကြီးလှပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာ၊ ကတာ၊ အေရိုးဗစ်လုပ်တာ၊ အားကစားလုပ်တာ၊ ယောဂကျင့်တာ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် အကျိုးများတာချည်းပါပဲ။ ဒီဆောင်းပါးမှာတော့ ယောဂကျင့်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
(1) ခန္ဓာကိုယ်ကို သန်မာပျော့ပြောင်းပြီး ဟန်ချက်ညီစေတယ်
အသက်ပြင်းပြင်းရှူပြီး ဖြည်းညင်းစွာ လှုပ်ရှားရတဲ့ ယောဂကျင့်စဥ်တွေဟာ သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကြွက်သားတွေကို ပူနွေးစေပါတယ်။ ယောဂ Pose တစ်ခုမှာ ငြိမ်သက်စွာ နေတဲ့အခါ ခန္ဓာကိုယ်ကို သန်မာစေပါတယ်။
(2) ခါးနာခြင်းကို သက်သာစေတယ်
ယောဂဟာ နာကျင်မှုတွေကို သက်သာစေတဲ့ အခြေခံလေ့ကျင့်ခန်းတစ်ခု ဖြစ်ပြီး ခါးနာတဲ့အခါ ယောဂကျင့်ရင် လျင်မြန်စွာ သက်သာပြီး လှုပ်ရှားနိုင်စွမ်း ကောင်းစေပါတယ်။ American College of Physicians က ယောဂကျင့်တာကို နာတာရှည်ခါးနာခြင်းအတွက် နံပါတ်တစ်ကုသမှုလို့ ဆိုပါတယ်။
(3) နှလုံးကျန်းမာစေတယ်
ယောဂကို ပုံမှန်ကျင့်ရင် စိတ်ဖိစီးမှုတွေ လျော့စေသလို ခန္ဓာကိုယ်မှာ နာကျင်ရောင်ရမ်းမှုတွေလည်း သက်သာစေပြီး နှလုံးညှစ်အားကို ကောင်းစေပါတယ်။ နှလုံးသွေးကြောနံရံတွေကို ပျော့ပြောင်းစေပြီး ဖိအားတွေ လျော့ကျစေလို့ သွေးတိုးအပါအဝင် နှလုံးရောဂါတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းပါ။
(4) အဆစ်ရောင်ခြင်းကို သက်သာစေတယ်
အဆစ်အမြစ်တွေ ရောင်နေတဲ့အခါ ယောဂလေ့ကျင့်ခန်းတွေ ညင်သာစွာ လုပ်ပေးခြင်းဖြင့် တင်းနေတာ၊ ရောင်နေ၊နာနေတာတွေ သက်သာစေပြီး လှုပ်ရှားရလွယ်ကူစေပါတယ်။
(5) အကြောတွေ ပြေလျော့ပြီး ကောင်းစွာ အိပ်ပျော်စေတယ်
မအိပ်ခင် အကြောလျှော့တဲ့ ယောဂလေ့ကျင့်ခန်းတွေ လုပ်ရင် အိပ်ပျော်ဖို့ လွယ်ကူစေသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး အိပ်ရေးဝစေပါတယ်။
(6) စိတ်ဖိစီးမှု လျော့စေတယ်
ယောဂလေ့ကျင့်ခန်းတွေက အကြောတွေ ပြေလျော့စေတာ၊ ကြွက်သားတွေ သန်မာစေတာ၊ သွေးလှည့်ပတ်မှု ကောင်းစေတာ၊ အောက်ဆီဂျင် ပြည့်ပြည့်ဝဝ ရစေတာ၊ ဟော်မုန်းတွေ ညီမျှစေတာတွေကြောင့် စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။
(7) စွမ်းအင် ပြည့်ဝပြီး လန်းဆန်းတက်ကြွစေတယ်
ယောဂအပါအဝင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရင် လန်းဆန်းတက်ကြွပြီး အားအင်တွေ ပြည့်နေသလို ခံစားရစေမှာဖြစ်ပြီး အဆိုးမြင်အတွေးတွေ လျော့ကျစေပါတယ်။
(8) ကိုယ်အလေးချိန် ကျစေတယ်
ယောဂဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းစဥ်တွေ ညီမျှအောင် ထိန်းညှိပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးသလို ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။
ယောဂလေ့ကျင့်ခန်းတွေမှာ အသက်ရှူရှိုက်ရတာကြောင့် Mindfulness လို့ခေါ်တဲ့ သတိနဲ့နေတဲ့ အလေ့အကျင့်ကိုလည်း ရစေပါတယ်။ အခုဆိုရင် ယောဂကျင့်တာကြောင့် ရနိုင်တဲ့ ကောင်းကျိုးတွေကို သိပြီမို့ ပုံမှန်လေ့ကျင့်ပြီး ကျန်းမာကြပါစို့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်